လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

လမ်းမတော် ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်  လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၉) ရပ်ကွက်၊ အ.မ.က (၅) စွမ်းအားခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော  အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ဆေးထိုးနှံသူ (၁၀) ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီး ချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်းနှင့်   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်း တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်