အလုံ ဧပြီလ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးထက်မျိုလှိုင်မှဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဌာနဆိုင်ရာရုံးများဖြစ်သည့် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ မီးလောင်မီးလန့်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများအား မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုနည်းကို ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာရုံးများကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သတင်းရသည်။
တင်တင်ချို(ပြန်/ဆက်)