ကော့ကရိတ် ဧပြီ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၅)နှစ်နှင့် (၁၈)နှစ် အကြားတွင် Community Baseအနေဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ကို စတင် ထိုးနှံပေးတော့မည်ဖြစ်ရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၏ ကျန်းမာရေးဝန်ထမ်းများက အမှတ် (၇)ရပ်ကွက် ဝါဆိုဦး၊ လေသာကျောင်းစာသင်တိုက်နှင့် သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်တို့ရှိ အသက် (၁၅)နှစ် နှင့် (၁၈)နှစ်ကြား ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား သွားရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းထိုးနှံပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက စာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဦးစွာဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသော အသက် (၁၅)နှစ်နှင့် (၁၈)နှစ်ကြား ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား အမျိုး သမီးကျန်းမာရေးဆရာမ ဒေါ်နော်စေးစေးလွယ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဝါဆိုဦး ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ ရှင်သာမဏေ (၇)ပါး၊ လေသာကျောင်း စာသင်တိုက် ရဟန်း၊ ရှင်သာမဏေ (၁၇)ပါးနှင့် သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်ရှိ သီလရှင် (၁၉)ပါးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinovac)ကို ကွင်းဆင်းထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)