ပုဗ္ဗသီရိမြို့နယ်တွင် နှစ်သစ်ကူးကောင်းမှုကုသိုလ်အဖြစ် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲများ ကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူများစုပေါင်း၍ ၁၃၈၄ ခုနှစ် နှစ်သစ်ကူးကောင်းမှုကုသိုလ်အဖြစ် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲများကို ရပ်ကွက်၊ ကျေးရွာများတွင် အသီးသီး ကျင်းပခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာများအတွင်းရှိ မိဘပြည်သူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ တက်ရောက်လာကြသည့် ဘိုးဘွားများအား ရှိခိုးကန်တော့ကြပြီး လှူဒါန်းငွေများနှင့် ကန်တော့ခံပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)