မြိတ် ဧပြီ ၁၈
၁၃၈၄-ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် နှစ်သစ်မင်္ဂလာအချိန်အခါတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ညနေ(၄) နာရီက ကျင်းပခဲ့သည်။
အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ် အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် နိုင်ငံတော်ဩဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာသန လှည်းဘီး ကျောင်းတိုက်ဆရာတော်ထံမှ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဧည့်ပရိတ်သတ် များကငါးပါး သီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ဆိုပူဇော်ကြသည့် အန္တရာယ်ကင်းပရိတ် တရားတော်များကို ဧည့်ပရိတ်သတ်အပေါင်းတို့က ရိုသေစွာနာယူခဲ့ကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိဓဇ ဘဒ္ဒန္တဝိမလ ကန်သာကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းလိုက်ကြသည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်နှင့်အတူ မြို့ထောင့်လေးထောင့်တွင် တပြိုင်တည်း ကျင်းပခဲ့ကြသည်။ အလားတူ ရပ်ကွက်/ကျေးရွာများတွင်လည်း နှစ်သစ်မင်္ဂလာအဖြစ် အန္တရာယ်ကင်းပရိတ် တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)