ဟားခါးမြို့၌ ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ဟားခါး ဧပြီ ၁၈

၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့၊ ကျောဘုတ်သာသနာပြုကျောင်း၏ ဦးစီးပဓာန နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်မြတ်ထံမှ ဧည့်သည်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြ၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျာယ် ချီးမြှင့်တော်မူသော အန္တရာယ် ကင်း ပရိတ်တရားတော်များ နာယူပူဇော်ကြသည်။

ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ သယံဇာတရေ:ရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယက၊ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ (ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ) အရှင်မြတ် ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)