ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသော ၁၃၈၄ ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင်  သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်က ပင်လုံလမ်းရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ကျင်းပရာ တက်ရောက်လာသူများမှ အခမ်းအနားအား နမောတသသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က နှစ်စဉ်ကျင်းပသော  သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ပွဲ ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ အသက် (၉၅) နှစ်နှင့် အထက် အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။ 

ထို့နောက် ကန်တော့ခံ အဘိုးအဘွားများက ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အဘိုးအဘွား (၅၄) ဦး တို့အား ကန်တော့ခံပစ္စည်းများ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားအား အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ