တောင်ဥက္ကလာပ ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ စီမံကိန်း(၂)ရှိ ဝေနေယျသုခဓမ္မာရုံတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အစဉ်အလာတစ်ခုဖြစ်သော အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးပူဇော်ကန်တော့ပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့်မိသားစု၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် မိသားစု၊ ဦးရွှေအိုး မိသားစု၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများ၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ အလှူရှင်များမှ သက်ကြီးအဘိုး၊ အဘွားများအား နှစ်ဦးဂါရဝပြု ကန်တော့အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် အညီ ဂါရဝပြုကန်တော့ခဲ့ကြပြီး ကန်တော့ခံအဘိုးအဘွားများ ကိုယ်စား အသက်(၇၆)နှစ်ရှိ အဘိုးဦးအောင်သိန်းမှ နှစ်ဦး မင်္ဂလာဆုတောင်းစကား ပြောကြားပေးခဲ့သည်။
ထို့နောက် သက်ကြီးပူဇော်ကန်တော့ပွဲသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် ဇနီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်တင်အောင်နှင့် ဇနီး၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးဝဏ္ဏထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖ များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး ကန်တော့ခံ အဘိုးအဘွား (၁၃၀)ဦး တက်ရောက် ကန်တော့ခံခဲ့ကြောင်း သတင်းရရှိပါသည်။
ထက်ထက်