ပူတာအို ဧပြီ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ဧပြီ(၁၇)ရက် နံနက်(၈)နာရီတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူ ကြည်ညိုခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို သတ်မှတ်နေရာ အသီးသီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ၁၃၈၄-ခုနှစ် မြန်မာနှစ်သစ်ကူး ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲကို ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ နမ့်ထွမ်ချောင်းတွင်ကျင်းပရာ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက နှစ်လက်မအရွယ်ရှိ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေစုစုပေါင်း (၂၀၀၀၀) ကို ဇီဝိတဒါနအဖြစ် တပျော်တပါး ဘေးမဲ့ငါးလွှတ်ပေးကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော်များမှ မော်တော်ယာဉ်များဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ခရိုင်/မြိုနယ်ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် သက်ကြီးဘိုးဘွား(၃၀)ဦးအား အိမ်တိုင်ရာရောက် သွားရောက်၍ အလှူငွေများထောက်ပံ့ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ပူတာအိုမြို့ တောင်တန်းသာသနာပြုကျောင်းတိုက်တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)