စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား(၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

စဉ့်ကိုင် ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာနတွင်    မြန်မာနှစ်ဆန်း   (၁)  ရက် နေ့ ၊  ယနေ့နံနက် (၉)နာရီခွဲ အချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ်၊ ၃၀/၂၀၂၂ ဖြင့် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်များကိုကျခံပြီးဖြစ်သည့် အပြင် စည်းကမ်းကောင်းမွန်စွာနေထိုင် ကြသော ဘယ်လင်းအကျဉ်းဦးစီးဌာန၊  ကုန်ထုတ်စခန်းအမှတ်( ၁ နှင့်၂ )မှ  အကျဉ်းသား (၅)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် အမှတ်(၁)ကုန်ထုတ်စခန်းတာ၀န်ခံထောင်ပိုင် ညွှန်ကြားရေးမှူး ဦးစောထွန်း၊ အမှတ်(၂) ကုန်ထုတ်စခန်း တာ၀န်ခံလက်ထောက် ညွှန်ကြားရေးမှူး ဦးစော၀င်းအောင်၊ မြို့မရဲစခန်း ဒုရဲအုပ် ရဲလင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးဇော်မင်းဆင့်၊ ဒုတပ်ကြပ်အောင်ကျော်သက်နှင့် တာ၀န်ရှိသူများက ကြီးကြပ်၍ အကျဉ်းသား များအား လုပ်အားခငွေများ ထုတ်ပေးခဲ့ပြီး  လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဉ်းသားများကို  အကျဉ်းထောင်အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ မြို့နယ်အသီးသီးသို့  သွားရောက်သော ကားဂိတ်များသို့  ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)