မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့်ပေး

ကော့သောင်း ဧပြီ ၁၇

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မြန်မာ့နှစ်သစ်ကူးအခါသမရတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေထားသောအားဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/ သူ(၁၅)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းနှင့်တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/ သူများအား အကျဉ်းထောင်ဓမ္မာရုံတွင် ဆုံးမစကားပြောကြားပြီး အကျဉ်းထောင် တာဝန်ရှိသူများက ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကာ အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြသည်။ လွှတ်ပေးခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား အမျိုးသား(၁၂)ဦးနှင့်အမျိုးသမီး(၃)ဦးဖြစ်ကြောင်းသတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)