ချမ်းအေးသာစံ ဧပြီ ၁၇
မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မန္တလေးခရိုင် (၇) မြို့နယ်အတွင်းရှိ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားများကို ကန်တော့သည့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများက အဘိုး၊ အဘွားများကို ကန်တော့ကျိုးဖြင့် ကန်တော့ခဲ့ကြပြီးနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘိုးဘွားများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဘိုးဘွားများကိုယ်စား ပြည်ကြီးတံခွန်မြို့နယ်မှ အဘိုးဦးကျော်မြင့်မှ ဆုတောင်မေတ္တာပို့သခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်ကလေး စောင့်ရှောက်ရေးအသင်းများ၊ ကန်တော့ခံအဘိုးအဘွားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် အဘိုးအဘွားတစ်ဦးလျှင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်သိန်းကျပ်၊ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ ငါးထောင်ကျပ်၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ငါးထောင်ကျပ် လှူဒါန်းခဲ့ရာ ယနေ့လှူဒါန်းငွေ စုစုပေါင်း ကိုးဆယ့်ခြောက်သိန်းနှင့် ရှစ်သောင်းကျပ်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်