နမ့်စန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပ

နမ့်စန်(တ) ဧပြီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို သင်္ကြန်အကြိုနေ့ ယမန်နေ့ညနေ ၄နာရီခွဲချိန်၌ အမှတ်(၂) ရပ်ကွက်၊ မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက မဟာသင်္ကြန်နှုတ်ခွန်းဆက် အဖွင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ အမှတ်(၇၃)သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးတို့က မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး နမ့်စန်တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ယိမ်းလှပျိုဖြူများအား သပြေခက်ဖြင့် အတာရေများ ပက်ဖြန်းခဲ့ကြသည်။

ထို့နောက် ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်