တောင်ကြီးမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက် လွှတ်တော်ရုံးလမ်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာ့ရိုးရာအတာသန် နှစ်သစ်ကူးကာလမှာ ရှမ်းပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည်စုံပါစေကြောင်း၊ ယခုအချိန်သည် ၁၃၈၃ ခုသည် ကုန်လွန်ခဲ့ပြီး ၁၃၈၄ ခုတည်းဟူသော ကာလအပိုင်းအခြားကို စတင်ကူးပြောင်းနေသည့် အချိန်လည်း ဖြစ်ပြီး ယခုလိုနှစ်သစ်ကူးကာလမှာ နှစ်ဟောင်းမှအညစ်အကြေးတွေကို ဆေးကြောသန့်စင်၍ မင်္ဂလာရှိသည့်နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အကြံအစည်သစ်တို့နှင့် ကြီးပွားတိုးတက်အောင် ကြံစည်အားထုတ်ကြရမှာဖြစ်ကြောင်း ပြောကြားပြီး ရှမ်းပြည်နယ်တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ပေးလိုက်သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်၊ ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအကအဖွဲ့အားလုံးက မြူမှောင်ဝေကင်း သီချင်းဖြင့်ကပြဖျော်ဖြေကြ၍ ပြည်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြန်ကြားရေး ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများတို့က အတာရေပက်ဖျန်းပေးကြပြီး ဖျော်ဖြေပေးကြသော ယိမ်းအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း (တောင်ကြီး)