ဗဟန်း ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီက ဗဟန်းမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဉီးစွာဗဟန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ၁၃၈၃ ခုနှစ် နှောင်းတန်ခူး လဆန်း ၁၃ ရက်နေ့တွင်ကျရောက်သော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြိုနေ့အဖြစ် ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်များ ပက်ဖျန်းခဲ့ပြီး စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး အကျ၊ အကြတ်နှင့် အတက်နေ့ရက်များတွင်လည်း ယိမ်းအဖွဲ့များကပြဖျော်ဖြေခြင်း၊ ရေပက်ကစားခြင်းနှင့် စတုဒသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)