မြိတ် ဧပြီ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်နှင့် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ညနေ(၄)နာရီက အဆိုပါမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ပြီး သပြေခက်နှင့် အတာရေစင် သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ ကြသည်။
ရှေးဦးစွာ မြိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က မဟာသင်္ကြန် အခါတော်စာတမ်း ဖတ်ကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေး ရေကစား မဏ္ဍပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း တေးသီချင်းသီဆို၍ သင်္ကြန်ယိမ်း အကအလှများဖြင့် ဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သပြေခက်နှင့် အတာရေစင် သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ ကြသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်(၄)ရက်အတွင်း သင်္ကြန် ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများနှင့် ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)