ကော့သောင်းမြို့၊ မြန်မာ့ရိုးရာယာဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေး မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကော့သောင်း ဧပြီ ၁၃

ကော့သောင်းမြို့တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယာဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေး မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ (၄) နာရီက ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း ဗဟိုဆုပေးမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နှစ်ကူးသင်္ကြန်အား စတင်ဖွင့်လှစ်လိုက်ကြောင်းကြေညာပြီး နှစ်သစ်မင်္ဂလာ မိန့်ခွန်းပြောကြားသည်။

ယင်းနောက် စစ်ဗျူဟာအဖွဲ့(ကော့သောင်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်၊ ခရိုင်လဝကမှူး ဦးဇင်ထက်နှင့် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုတို့ က ဗဟိုဆုပေးမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထိုနောက် ယိမ်းပျိုဖြူများက မြူမှောင်ဝေကင်း တေးသီချင်းဖြင့် ဧည့်ခံဖြေဖျော်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက သင်္ကြန် ယိမ်းပျိုဖြူများအား သပြေခက်ဖြင့် အတာရေ ပက်ဖျန်းကြသည်။

ယင်းနောက် မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင်ပွဲဝင် ယိမ်းအက အဖွဲ့ဝင်များက သံပြိုင်ညီညာ သီဆို ကခုန် အတာရေပက်ဖျန်းကြပြီး ဖွင့်ပွဲ အခမ်းအနားကို ညနေ (၆) နာရီတွင်ရုပ်သိမ်းလိုက်သည်။

အဆိုပါ ဗဟိုဆုပေးမဏ္ဍပ်တွင် ဧပြီ(၁၃)ရက်နေ့ညမှ စတင်၍ ဧပြီလ(၁၆)ရက်နေ့ အထိ ညစဉ် ကော့သောင်းမြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်နှင့်ကျေးရွာများမှ ယိမ်းအကအဖွဲ့ လှပျိုဖြူလေးများက မြန်မာ့ရိုးရာ ယာဉ်ကျေးမှုယိမ်းအကများဖြင့် ယှဉ်ပြိုင်ဖြေဖျော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)