ကျွန်းစုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျွန်းစု စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ပြင်ဆင်ရမည့်အချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၄) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပထမအကြိမ် မဲစာရင်းများ ကပ် ထားကြေညာထားသည့်အပေါ်၌ ပြန်လည်တင်ပြလာသည့် ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ)နှင့် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာရာ၌ မှားယွင်းမှုမရှိစေရေးအတွက် ကြီးကြပ်စိစစ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါ်ခြူးမျက်ချယ်က ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်များအား သင်တန်းပို့ချရန် စီစဉ်ထားကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ဆက်သွယ်ရေးအခက်အခဲရှိသော မဲရုံများတွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များအား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဒုတိယအကြိမ်မဲစာရင်းများမကြေညာမီ မှန်ကန်မှုရှိရေး အဆင့်ဆင့်စစ်ဆေးရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးဇော်ထွန်းလင်းက နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားနှင့်ပတ်သက်၍ စသည်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း၊ ကျွန်းစုမြို့နယ်တွင် ပုံစံ (၃) ဖြင့် တောင်းဆိုသူ (၃၄၁၀) ဦး၊ ပုံစံ (၄) ဖြင့် ကန့်ကွက်သူ (၁၅၈၃) ဦး၊ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သူ (၂၈၃၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

စည်သူရအောင်(ကျွန်းစု)