မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ပြည်သူ လူထုအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မြောက်ဦး ဧပြီ ၁၃

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့်အတူ ပြည်သူလူထု ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်မှုကို မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာနှင့် ဘုရားအုပ်ကျေးရွာ မူလတန်း(လွန်)ကျောင်းများ၌ ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရောက်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်မှုများကို ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့မွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ကမ္ဘာ့အမွေအနှစ် အမျိုးအစား (၃)မျိုးအကြောင်းကို လည်းကောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက် ပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး ဒေသခံ မိဘပြည်သူများအား အပြန်အလှန် မေးခွန်းများ အ‌မေးအဖြေပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ရွာဟောင်းတောကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် ရပ်ကွက် သူ/သားများ (၆၀)ဦးခန့်ကလည်းကောင်း၊ ဘုရားအုပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်သူ/သားများ(၄၇)ဦး၊ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်း များနှင့် ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အဖွဲ့တို့မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်စိုး(ပြန်/ဆက်)