ကျွန်းစု စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများမရှိစေရေးအတွက် Mask မတပ်ဆင်ထားသူ (၁၃) ဦးအား ငွေကျပ် (၅) ထောင်နှင့်ညီမျှသော Mask ဝယ်ယူစေခြင်းဖြင့် ဒဏ်ရိုက်အရေးယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အုပ်စု (၂) စုခွဲ၍ ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြို့မဈေးအရှေ့နှင့် အမှတ် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်အသုံးပြုနေမှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး Mask မတပ်ဆင်သူများအား ငွေကျပ်(၅)ထောင်နှင့်ညီမျှသော Mask များ ဝယ်ယူစေခြင်းဖြင့် စစ်ဆေးဒဏ်ရိုက်အရေးယူခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုနှုန်းမြှင့်မားနေပြီဖြစ်၍ ပြည်သူများအနေဖြင့် မပေါ့ဆကြရန်၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်သဖြင့် အပြင်ထွက်ရင် Mask တပ်ဆင်အသုံးပြုဖို့လိုအပ်ကြောင်း ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)