တနင်္သာရီ ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် "လူကျား" အက (ဒေသခေါ် -ကရကျားအက)အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက မြို့တွင်းလမ်းများနှင့် လမ်းဆုံလမ်းခွများတွင် ကာယဒါနအဖြစ် လိုက်လံကပြ၍ အလှူခံခဲ့ကြကြောင်း သိရှိရသည်။
ယနေ့တွင် ချောင်းငယ်ရပ်ကွက်ရှိ ကျားအကအဖွဲ့မှ, ဦးကျော်ရီနှင့်ဦးအေးလွင်(ခ)ပျံလွှား , အပါအဝင် ကျားအက ကပြသူ(၄)ဦး၊ မုဆိုး(၁) ဦး၊ ကျားထိန်းသူ(၁၀)ဦးနှင့်ဗုံအဖွဲ့(၃)ဦး၊ လောပန်ခွက် ကိုင်ဆောင် သူ(၄)ဦးတို့ပါဝင်ကြပြီး၊ ၎င်းကုလားကျားအဖွဲ့က ဒေါင်းဒေါင်းနီဂျိမ်း စသည့် ဗုံတီးသံစည်းချက်နှင့် အတူချောင်း ငယ်ရပ်ကွက်၊ ချောင်းကြီးရပ်ကွက်နှင့်ကျေးရွာများအထိ လိုက်လံကပြကြရင်း စေတနာ အလျောက် အလှူငွေကောက်ခံကြပြီး ရရှိအလှူငွေများအား ဘုရားပုထိုး၊ စေတီများပြုပြင်ရာတွင် ထည့်ဝင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကုလားကျားကပြဖျော်ဖြေခြင်းအား နှစ်စဉ် နှစ်သစ်ကူးမဟာသင်္ကြန်အကြိုကာလရက်များတွင် ကပြလေ့ရှိသော်လည်း ၊ ၂၀၂၀ ခုနှစ်၊ မဟာသင်္ကြန်ကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ကပြခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း၊ တနင်္သာရီမြို့နေဒေသခံ ပြည်သူ လူထုသည်လည်း ကုလားကျားကပြ ဖျော်ဖြေချိန်အား စောင့်မျှော်၍ စည်ကားစွာလိုက်လံ အားပေးကြည့်ရှူပြီး အလှူငွေများထည့်ဝင်လှူ ဒါန်းခြင်းပြုလုပ်လေ့ရှိကြကြောင်း သိရှိရသည်။
တနင်္သာရီမြို့တွင် ကုလားကျားကပြသည့် အဖွဲ့များအဖြစ် ချောင်းငယ်ရပ်ကွက်တွင်မူ နှစ်စဉ်ပင် တိုင်ကပြသူ (၄/၅)ဦးရှိပြီး၊ ချောင်းကြီးရပ်ကွက်တွင် (၆)ဦးရှိကြောင်း၊ အဆိုပါ ကုလားကျားကပြသူ ကျားစိတ်ဝင်လာချိန်တွင် ထိန်းသိမ်းမည့်သူသည် ကပြသူ၏ခါးတွင် သံကြိုးသို့မဟုတ် အခြားခိုင်ခန့်သည့်ကြိုးကို ချည်နှောင်ထိန်းကိုင်၍ကပြသူ၏အနောက်၌ သတိရှိစွာ ချုပ်ကိုင်ထိန်းသိမ်းရကြောင်း၊ ၎င်း ထိန်းချုပ်သူအားနည်းပါက ကပြသူ၏မျက်နှာ ခန္ဓာကိုယ်နှင့် ခြေလက်တို့တွင် ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း၊ ကပြမည့်သူအား ကျားတစ်ကောင်ကဲ့သို့ အသွင်ပြောင်းရန် ခံဆေး/သုတ် ဆေးရောင်စုံတို့ဖြင့်ရေးချယ်ပေးရကြောင်း၊ ကျားစိတ်ဝင်စေရန် ဗုံအဖွဲ့မှဗုံသံပေးပြီး မုဆိုးအဖြစ်ပါဝင်သူမှ ဟန်ရေးပြပေးရကြောင်း သိရှိရသည်။
ယနေ့ကပြဖျော်ဖြေသည့် ချောင်းငယ်ရပ် ကုလားကျားအဖွဲ့သည် အလှူငွေ (၃၇၀၀၀၀) ကျပ်ခန့် အလှူခံရရှိခဲ့ပြီး ၄င်းအလှူငွေများကို တနင်္သာရီမြို့နယ် သိန်ခွန်းအုပ်စု သဲဖြူကျေးရွာ အာသောက ရာမဘုန်းတော်ကြီးကျောင်းတွင် တည်ထားကိုးကွယ်မည့် လောကချမ်းသာ စေတီတည်ဆောက်ရာတွင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)