တနင်္သာရီ ဧပြီ ၁၀
မြန်မာနိုင်ကြက်ခြေနီအသင်း အထောက်အပံ့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့၏ လမ်းညွှန်မှုအရ တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့တို့ ပူးပေါင်း၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေးနှင့် တပ်ဖွဲ့ဝင်အင်အား တိုးပွားစေရေးအတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့- တပ်ဖွဲ့မှူး ဦးညီညီသိန်း၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြိတ်ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးထက်မြက်စိုး၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ နာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်၊ အဖွဲ့ဝင် ဦးကျော် ကျော်ခေါင်၊ မြို့နယ်ပြည်သူ့ဆေးရုံ လ/ထဆရာဝန် ဒေါက်တာနွေးဟေမာသင်း၊ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် ကြက်ခြေနီကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၃၀)ဦးတို့ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ နာယကမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်က လမ်းညွှန်ချက်များနှင့် အညီ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)အတွက် ထောက်ပံ့ ပေးသည့် အသက်ကယ်အင်္ကျီများကို တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးညီညီသိန်းက ထောက်ပံပေးအပ်ရာ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်ကလည်းကောင်း၊ သင်တန်းသားများအတွက် ထောက်ပံ့ပေးသည့် ဆေးအိတ်များအား ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက ပေးအပ်ရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဒေါ်ဖြူဖြူခိုင်က လည်းကောင်း လက်ခံရယူခဲ့ကြသည်။
ထို့နောက် ယနေ့သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်း/ခရိုင်/မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများက အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ ၃၀ အချိန်တွင် ပြီးဆုံး၍ သင်တန်းနည်းပြများက ရှေးဦးပြုစုခြင်း ဘာသာရပ်များကို ဆက်လက်သင်ကြားပို့ချပေးကြောင်း အဆိုပါ သင်တန်းတွင် သင်တန်းသား(၃၀)ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ ဧပြီလ (၁၀ ရက်မှ ၁၂) ရက်အထိ (၃)ရက်အကြာ ဖြစ်ကြောင်း သတင်း ရရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)