ကျိုင်းတုံ ဧပြီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ပြည်သူများကျန်ရစ်မှုမရှိစေရေး ကာကွယ်ဆေး ထိုးနှံပြီးကြောင်း မှတ်တမ်း ကတ်ပြား စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးကြီးရှေ့တွင် တာဝန်သူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းမျာ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူမျာက ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်းကတ်ပြား စစ်ဆေး ဆောင်ရွက် ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် အကြိမ်ပြည့် ထိုးနှံရခြင်း မပြုရသေးသူများအား မှတ်တမ်းများရယူ၍ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူများ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပေးမှုကို မပျက်မကွက်ခံယူကြရန်၊ ဆေးထိုးပြီးကြောင်း မှတ်တမ်း ကတ်ပြားကို ခရီးသွားလာတိုင်း မိမိနှင့်တစ်ပါတည်းယူဆောင်လာကြရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အဓိကကြသည့်အတွက် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံမြို့နယ်တွင် ယနေ့ထိ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးမှု ၇၀ ရာခိုင်နှုန်း အခမဲ့ထိုးနှံဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)