ဆီဆိုင် ဧပြီ ၈
တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်အတွက် တတိယအကြိမ်မြောက် နောင်ရင်းကျေးရွာ ချစ်ကြည်ရေး ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းကျေးရွာရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းနားတွင် နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်စိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး ဆီဆိုင်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ဘောလုံးစည်းမျဉ်းစည်းကမ်းများကို ပြောကြား၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းမှ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ အဆိုပါပြိုင်ပွဲကို အုပ်စု(၈)အုပ်စုပါဝင်ပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းပေါင်း(၂၄)သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)