ရပ်စောက် ဧပြီ ၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြတ်သူက နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များ အားကစားကို စိတ်ဝင်စားပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်သော နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းတွင် သင်ယူတတ်မြောက်ပြီးသော အားကစားနည်းများကို အကျိုးရှိရှိ အသုံးချကြပါရန် အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက အားကစားသင်တန်း နည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ကြပြီး သင်တန်းနည်းပြဆရာ/ဆရာများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ယင်းနောက် အေရိုးဗစ်အားကစားသင်တန်းသူများနှင့် မြန်မာ့သိုင်းအားကစား သင်တန်းသား/သူများက အားကစား သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ အေရိုးဗစ် (Myanmar Fitness Dance) အားကစားသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း(ဗထူး)၌လည်းကောင်း၊ ဖူဆယ်အားကစား သင်တန်းကို ပန်းဝါဖူဆယ်အား ကစားကွင်း၌ လည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစား သင်တန်းနှင့် မြန်မာ့သိုင်းအားကစား သင်တန်းကို မြို့နယ်အားကစားရုံ၌လည်းကောင်း ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး အဆိုပါ အားကစားသင်တန်းများသို့ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)