မြိတ် ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင် (၄) မှတ်တမ်းများအား နည်းပညာ အသုံးပြု၍ Data Entry စာရင်းရေးသွင်းခြင်းကို (၁) လအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။
ခေတ်စနစ်နှင့်အညီ နိုင်ငံသားများ၏ အချက်အလက်များအား အဆင်မြှင့်နည်းပညာဖြင့် Smart Card များ ထုတ်ပေးနိုင်ရေးအတွက် ရှေ့ပြေးလုပ်ငန်းအဖြစ် အခြေခံကျသော နိုင်ငံသားများ၏ ကိုယ်ရေးအချက်များအား နည်းပညာ အသုံးပြု၍ Data Entry စာရင်းရေးသွင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ နိုင်ငံသား စုစုပေါင်း(၇)သိန်းကျော်၏ ကိုယ်ရေးအချက်အလက် နိုင်(၄)မှတ်တမ်းများအား (၁) လအတွင်းပြီးစီးအောင် မှတ်တမ်းရေးသွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
အစည်းအဝေးတွင် နိုင်ငံသားများ၏ ကိုယ်ရေးမှတ်တမ်း အချက်အလက်များအား eID စနစ်ဖြင့် အောင် မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ကြမည့်ဝန်ထမ်းများစုစည်းခြင်း၊ သင်တန်းများပေးခြင်း၊ မှတ် တမ်းရေးသွင်း ဆောင်ရွက်မည့် နေရာသတ်မှတ်ခြင်းနင့် သတ်မှတ် ကာလအတွင်း ပြီးစီးရေးသွင်းဆောင် ရွက်ကြရေးကို ဉပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များနှင့်အညီ မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ကြရေး ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က နိုင်ငံသားကိုယ်ရေး မှတ်တမ်း နိုင်(၄)မှတ်တမ်းများအား နည်းပညာအသုံးပြု၍ Data Entry စာရင်းရေးသွင်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထိုနောက် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင ်ဦးစီးမှူး ဦးထွန်းဇော်ဦးက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက် လာကြသည့် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာများက ဆွေးနွေး တင်ပြခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)