ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၁၂)ရပ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ဘားအံ ဧပြီ ၇

သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ (၁၂) ရပ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုအခါ ပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် နွေရာသီကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊  ရုံးဌာနအဆောက်ဦများ၊ ဈေးများ၊ မြို့ရွာရပ်ကွက်များအပြင် တောမီး လောင်ခြင်းကိုလည်း ဂရုပြုထည့်သွင်းစဉ်းစားဖို့လိုကြောင်း၊ ထို့အတူ နွေရာသီရေရှားပါးသည့် ဒေသများတွင် လိုအပ်သည့် သောက်သုံးရေများ ဖြည့်တင်းဆောင်ရွက်ပေးနိုင်ရေး ရေတို၊ ရေရှည် နည်းလမ်းပေါင်းစုံဖြင့် ထည့်သွင်းစဉ်းစားဖို့လိုကြောင်း၊ မိုးဦးရာသီတွင်ဖြစ်လေ့ဖြစ်ထ ရှိသည့် လေပြင်းတိုက်ခတ်ခြင်း မုန်တိုင်းကျရောက်ခြင်းများ ဖြစ်ပေါ်လာက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေး ပြင်ဆင်သင့်သည်များအား ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်နှင့် ကျရောက်ပြီးချိန်တို့တွင် အရေးပေါ် အလျှင်အမြန် တုံ့ပြန်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကူညီကယ်ဆယ်ရေး၊ နေရာချထား ပေးရေး၊ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ထည့်သွင်း စဉ်းစားထားဖို့လိုကြောင်း၊ သဘာဝဘေးအရေးပေါ် ရန်ပုံငွေများ ထူထောင်ပေးထားပြီး လိုအပ်လာပါက တင်ပြတောင်းခံနိုင်ပါကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အခါအားလျှော် စွာထုတ်ပြန်သည့် ထူးခြားဖြစ်စဉ် သတင်းများကို  အချိန်နှင့်တစ်ပြေးညီ အများပြည်သူသိရှိနိုင်ရေး လှည့်လည်ဆော်ဩခြင်းများ ဆောင်ရွက်ပေးသင့်ပါကြောင်းနှင့် ကော်မတီဝင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တွဲဘက်အတွင်းရေးမှူး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသစ်ထပ်မံရေးဆွဲသည့် သဘာဝဘေးစီမံခန့်ခွဲမှု စီမံချက် (မူကြမ်း) ဆိုင်ရာများ၊ ကော်မတီပြောင်းလဲခြင်း၊ လုပ်ငန်း တာဝန်ပြောင်းလဲခြင်းဆိုင်ရာများ၊ ရာသီအလိုက် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်မှုများ၊ သင်တန်းဆိုင်ရာများ၊ သဘာဝဘေးနှင့်ပတ်သက် သည့်အိမ်ထောင်စုသုံး ပစ္စည်းများ စုပုံထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီ(၁၂)ရပ်၏ အတွင်းရေးမှူးများက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြကာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)