မန္တလေး ဧပြီ ၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် Book Club (စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း) တို့ ပူးပေါင်းကျင်းပသော ဆရာမ နုနုကြည် (အမေ့အိမ်) ၏ နန်းထိုက်တော်ဝင် ဆေးဂုဏ်ထင်သည့် မြန်မာ့သနပ်ခါး စာအုပ်အား ရေးသူ၊ ဖတ်သူဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရေးသူ၊ ဖတ်သူ တွေ့ဆုံဆွေးနွေးသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆရာမ နုနုကြည် (အမေ့အိမ်) က မြန်မာ့သနပ်ခါးသည် မြန်မာရာသီဥတုနှင့် လိုက်လျောညီထွေရှိပါကြောင်း၊ သနပ်ခါးလိမ်းထားလျှင် နေရောင်ခြည်အပူဒဏ်ကို ကာကွယ်နိုင် သည့်အပြင် အသားအရေစိုပြေမှုကို ထိန်းသိမ်းပေးနိုင်ပါကြောင်း၊ မိမိတို့ မြန်မာ့ ရိုးရာသနပ်ခါး ကို တန်ဖိုးထားကြပြီး ရိုးရာယဉ်ကျေးမှုအဖြစ် ဆက်လက်ထိန်းသိမ်း ထားကြပါစေလိုကြောင်း၊ သနပ်ခါးသည် အသားအရေအတွက်သာမက ဆေးဖက်ဝင်သည်အထိ တန်ဖိုးကြီးမားပါကြောင်း၊ သနပ်ခါးဖြင့် ကုသရသော ဆေးနည်းများရှိပါကြောင်း၊ မိမိသည်ယနေ့အထိ သနပ်ခါးကို မြတ်နိုးတန်ဖိုးထားပြီး လိမ်းပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုတွင် သနပ်ခါးလိမ်းသည့် အလေ့အကျင့်မှာ ရှေးနှစ်ပေါင်းများစွာက ရှိခဲ့ပါကြောင်း၊ သနပ်ခါးယဉ်ကျေးမှုဓလေ့ မပျောက် ကွယ်စေရေး အတွက် ဝိုင်းဝန်းထိမ်းသိမ်းစေလိုကြောင်း အစရှိသည်တို့ကို ဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန္တလေး (ခရိုင် ပြန်/ဆက်)