ဆိပ်ကြီးခနောင်တို ဧပြီ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် မြို့နယ်နေပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြိမ်းသတ်ရန်၊ လျှပ်စစ်မီး ပြတ်တောက်နေသည့် အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်း ထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါကအမြန် ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည့်အပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊ စက်မှုလက်မှု လုပ်ကိုင်သူများ၊ သင်္ဘောကျင်း (လွန်းလုပ်ငန်းများတွင်လည်း မီးဘေးကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြသ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)