ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဝမ်းတွင်း ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်တို့တွင် ထိုးနှံပေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများ အရောက်ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသောစုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ် ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယမန်နေ့က် First Dose အဖြစ်(၂၂၇၀) ဦး၊ Second Dose အဖြစ်(၃၅၂)ဦး၊ Booster Dose (၆၀)ဦး၊ ဒေသခံပြည်သူစုစုပေါင်း (၂၆၈၂)ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးများ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် သက်မှတ်ထားသောဆေးထိုးစုရပ်များအပြင် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်ဖွင့်လှစ်၍ထိုးနှံပေးခြင်း၊ နေအိမ်များအရောက်ကွင်းဆင်း၍ ထိုးနှံပေးခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)