ပလောက် ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စိုက်ပျိူးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီက ပြည်ခြားကျေးရွာအုပ်စု၊ ဝါးကုန်းကျေးရွာရှိ ကွင်းအမှတ်(၇၁၂-က) ရွှေဝတ်ကုန်းရှိ တောင်သူဒေါ်ခင်ဌေး၏ လယ်ယာမြေတွင် ကျင်းပခဲ့သည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင် များကိုနှိမ်နင်းနိုင်ပြီး အကျိူးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိူးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၃) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်း အကျိူးကျေးဇူးများကို စိုက်ပျိူးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက တောင်သူများအား အသိပညာပေးပြောကြား၍ ပိုက်ဆံလျှော် ကြဲပက် စိုက်ပျိူးခဲ့ကြသည်။ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိူးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်