နမ့်ဆန် ဧပြီ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာတည်ဆောက်ခြင်းစီမံကိန်းမှ ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကျားတီမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး စီမံချက်အင်ဂျင်နီယာ ဦးဆုအောင်မှ ရပ်ရွာလူထု အားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်စွမ်းရှိသည့် ကျေးရွာများ တည်ဆောက်နိုင်ရေးအတွက် အစားအစာ၊ ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးသည် မိမိလူထုကျန်းမာရေး လုပ်ငန်းတွင် အဓိကလိုအပ်ကြောင်း ဆွေးနွေးပြောကြားပါသည်။
ထို့နောက် မြို့နယ်စီမံချက်အရာရှိ ဒေါ်စုစုလှိုင်မှ သန့် (၄) သန့် အကြောင်းကိုလည်းကောင်း၊ အနာဂတ်သောက်သုံးရေ စီမံချက်အရာရှိ ဦးဟိန်းထက်စိုးမှ လုံ(၄)လုံ အကြောင်းများကို ရှင်းလင်းသင်ကြားပြီး တက်ရောက်လာသည့် သင်တန်းသားများအား ဒေသထွက်အရင်းအမြစ်ကို အသုံးပြုကာ ကုန်ကျစရိတ်သက်သာသည့် ယင်လုံအိမ်သာကို လက်တွေ့တည်ဆောက်ခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ (၃) ရက်ပြုလုပ်ပြီး စီမံကိန်းဝင်ကျေးရွာများမှ စေတနာလုပ်အားရှင် (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)