ဟားခါး ဧပြီ ၇
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မိမိတို့ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧပြီလကုန်တွင် ထိုးနှံရန် ရည်မှန်းဦးရေ ပြည့်မီကျော်လွန် အောင် ထိုးနှံနိုင်ရေး ဆက်လက်ကြိုးပမ်းကြရန် လိုကြောင်း၊ မူလ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးစုရပ်များကို လုပ်ငန်းလိုအပ်ချက်အရ ရပ်ကွက်များ၏ သင့်တော်သည့်နေရာများကို ပြောင်းလဲ ဆောင်ရွက်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံဆောင်ရွက် ရန်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သည့် ပြည်သူပြည်သား များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ဧပြီလအတွင်း ရည်မှန်းဦးရေအတိုင်း ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေများကို လည်းကောင်း၊ တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူ များက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံရန် စီစဉ်ထားရှိမှု၊ စာရင်းဇယား များ ကောက်ခံမှု၊ စာရင်းပြုစုပြီးစီးမှု အခြေအနေများနှင့် ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက် အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရေင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်တို့က တိုက်ပွဲရှောင်းစခန်းများရှိ လူဦးရေစာရင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအခြေအနေကို တင်ပြစေရေး၊ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဆေးရုံအုပ်နှင့် မြို့နယ်ဆရာဝန်လိုအပ်ချက်များတင်ပြရေး၊ လိုအပ်သည့် မြို့နယ်များတွင် RDT Test Kit များ ထပ်မံဖြည့်ဆည်းပေးရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြကာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ဧပြီလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရည်မှန်းဦးရေ အတိုင်း ရာနှုန်းပြည့် ကျော်လွန်ထိုးနှံနိုင်ရေးနှင့် စီမံချက်နှင့်ပတ်သက်၍ စာရင်း ဇယားများပြုစုနေမှု အတွက် ခရိုင်နှင့်မြို့နယ်များ ကြပ်မတ်ဆောင်ရွက်နေမှုအခြေအနေ၊ ဧပြီလနောက်ပိုင်းတွင် လုံခြုံရေးလိုအပ်ချက်ရှိသည့် ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံနိုင်ရေးအတွက် မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်တွင် ကပြ ဖျော်ဖြေကြမည့် ယိမ်းအကအဖွဲ့များ၏ အကလေ့ကျင့်သင်ကြားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးရေးလုပ်ငန်းအဖွဲ့နှင့် ယိမ်းအက အဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ဒေါ်သိန်းသိန်းမော်တို့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)