ကျောက်ဆည်မြို့နယ်၌ နွေစပါး (၅၅၃)ဧက စိုက်ပျိုးမည်ဖြစ်

ကျောက်ဆည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မင်းရဲဆည်၊ သင်းတွဲဆည်၊ ဇီတောဆည်၊ စက်ရေတွင်းရေများဖြင့် နွေစပါးစိုက်ဧက (၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး နွေစပါးများ စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေများပေးဝေနေပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

နွေစပါးစိုက်ခင်းများကို မင်းရဲဆည်၊ မင်းရဲမြောင်းရေသောက်စနစ်ဖြင့် (၁၀၀)ဧက၊ သင်းတွဲဆည်၊ သင်းတွဲမြောင်းရေသောက်စနစ်ဖြင့် (၂၅၀)ဧက၊ ဇီးတောဆည်၊ တမုတ်မြောင်းရေသောက်စနစ်ဖြင့် (၁၅၀)ဧကနှင့် စက်ရေတွင်းမြေအောက်ရေဖြင့်(၅၃)ဧက စုစုပေါင်း(၅၅၃) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေစပါးစိုက်ခင်းများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးသီးနှံများ ပိုးမွှားကင်စင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)