ပုဗ္ဗသီရိ ဧပြီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒုတိယနေ့ ပန်းချီနှင့် တီထွင်ဖန်တီးမှုပညာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပန်းချီနှင့်တီထွင်ဖန်တီးမှုပညာဆင့်ပွားသင်တန်းကို လူငယ်များအနေဖြင့် ပင်ကိုယ်ဝါသနာကို အထောက်အပံ့ရရှိစေရန်၊ စိတ်ကူး စိတ်သန်းများကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကို လျော့ကျစေရန်၊ ကိုယ်တိုင်ဖန်တီး နိုင်မှုစွမ်းအားများ တိုးတက်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်စေရန်နှင့် မြန်မာ့ပန်းချီကို မြတ်နိုးတန်းဖိုးထားတတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆရာမ ဒေါ်နှင်းလဲ့စိုးမှ မျဉ်းဖြောင့်ရေးဆွဲနည်း၊ မျဉ်းကွေးရေးဆွဲနည်း၊ အလင်းအမှောင် (Tone) အနုအရင့်ခွဲခြားနည်းများကို စာတွေ့၊ လက်တွေ့ရေးဆွဲနည်းများကို သင်ကြားပို့ချရာ သင်တန်းသား သင်တန်း သူများက စိတ်ပါဝင်စားစွာ သင်ယူလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)