ပြင်ဦးလွင် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက် ရှိပါသည်။
ထိုသို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြင်ဦးလွင်ခရိုင်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ မြို့နယ်မှပါဝင်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ မဲဆန္ဒနယ်မြေ (၁) အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၇) ဦး၊ မဲဆန္ဒနယ်မြေ (၂) အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၏အမည်စာရင်းများကို အများပြည်သူသိရှိစေရန် ကပ်ထားကြေညာပေးလျက် ရှိပါသည်။
ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက် (၂၁) ခု၊ ကျေးရွာအုပ်စုပေါင်း (၃၇) အုပ်စု၊ မဲရုံပေါင်း (၂၀၀) ရုံ ရှိပြီး မဲပေးနိုင်သူအနေဖြင့် တစ်သိန်းငါးသောင်းကျော်ခန့်ရှိကြောင်း သိရှိရပါသည်။