တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

တာမွေ ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ညအချိန်များ၌ မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ) စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန်များ၌ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးဘေးအန္တာရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများ ထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်းထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ရှိ စည်ပင်သာယာစျေး တစ်ချို့တွင် မီးလောင်ကျွမ်းခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့်အတွက် မီးဘေးလုံခြုံရေးကို အဓိကထား စစ်ဆေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှု အကြိမ်ရေ (၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများကြောင့် (၄) ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅)သန်းခန့် အထိရှိခဲ့တာကြောင့် ယခုနှစ်အတွင်း၌ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများအပြင် စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများ၊ စည်ပင်သာယာစျေးများ၊ စျေးဝယ်စင်တာများနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရသည်။

နိုင်လင်းအောင်(တာမွေ)