မိုးနဲ ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုလျက် ရှိရာ (၆) ရက်မြောက် ယနေ့တွင်လည်း အမှတ်(၁) မိုးနဲ အ.ထ.က အခြေခံပညာအထက်တန်းကျောင်း၌ အတွဲ (၇) ဘောဂဗေဒ ဘာသာတွဲနှင့် အတွဲ(၁) ဇီဝဗေဒဘာသာတွဲတို့ နောက်ဆုံးရက်ဖြေဆိုပြီးဖြစ်၍ အတွဲ (၂) ဝိဇ္ဇာတွဲအနေဖြင့် ၉ ရက်နေ့ထိ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် အတွဲ (၇) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဘောဂဘာသာရပ်တွင် ၁၈၀ ဦး၊ အတွဲ (၂) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တွင် ၃ ဦး အတွဲ (၁) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ ဘာသာရပ်တွင် ၂၂ ဦး အမှတ်(၁) မိုးနဲ အ.ထ.က ကျောင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၀၅ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသော်လည်း ၁၈၅ ဦးသာ လာရောက်ဖြေဆိုခဲ့ကြောင်း ယနေ့တွင် ဘောဂဗေဒတွဲနှင့် ဇီဝဗေဒတွဲအနေဖြင့် နောက်ဆုံးရက်ဖြေဆိုနေကြပြီး အတွဲ ၂ ဝိဇ္ဇာတွဲ ၃ ဦး အနေဖြင့် ဧပြီလ ၉ ရက်နေ့ထိ ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲစခန်း၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ကျောင်းအတွင်း၌ အပူချိန် တိုင်းပေးခြင်း၊ နှာခေါင်းစည်းပေးဝေခြင်းတို့ကို ဆောင်ရွက်ပေးပြီး ယာဉ်အန္တရာယ် ကင်းဝေးစေရေးနေ့စဉ် ကြီးကြပ်ပေးလျက်ရှိရာ ယနေ့တွင် ရုပ်/သံ ထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဝန်ထမ်းများ လာရောက်ပူးပေါင်းခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)