ရှေးဦးသူနာပြုစုနည်း (ရက်တို) သင်တန်း  ကျွန်းစုမြို့၌ ဖွင့်လှစ်

ကျွန်းစု ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်နိုင် စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျွန်းစုမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန မှာဖွင့်လှစ်လျက်ရှိသည်။

သင်တန်းတွင် အရိုးကျိုးနေသည့် လူနာ၊  သတိလက်မေ့မျောနေသည့် လူနာ၊ မြွေကိုက်ခံရသည့် လူနာ၊ ဆို့နစ်ခြင်းနှင့် ပူလောင်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာ၊ ရှုရှိုက်မိ၍ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများနှင့် စသည်ရောဂါဝေဒနာခံစားနေသည့် လူနာများအား ဆေးရုံ၊ ဆေးခန်း မရောက် မီ ကုသပေးနိုင်သည့်အဆင့်ထိ သင်ကြားပို့ချမည်ဖြစ်သည်။

“လူငယ်များ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် လတ်တစ်လော ဘေးဒုက္ခများ ဖြေရှင်းပေးနိုင်ဖို့၊ ဒဏ်ရာအမျိုးမျိုး ရရှိနေသည့် လူနာများကို ဆေးရုံ၊ ဆေးခန်းမရောက်ခင် ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်နိုင်စေဖို့ ရည်ရွယ်၍ သင်ကြားပို့ချရခြင်းဖြစ်တယ်” ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်က ပြောသည်။

အဆိုပါသင်တန်းကို ဧပြီလ(၅)ရက်နေ့မှ (၆)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ အလယ်တန်းအဆင့်ရှိ ကလေးသူငယ်(၁၅)ဦး တက်ရောက်လျက်ရှိရာ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

“ရှေးဦးသူနာပြုစုနည်း ပညာရပ်သည် လူတိုင်းတတ်မြောက်ထားဖို့ လိုပါတယ်၊ မိသားစုတစ်ခုမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ အမြဲတမ်း အဆင်အသင့်ဖြစ်နေတာမျိုး မရှိပါဘူး၊ ရှေးဦးသူနာပြုစုနည်း ကို တတ်ထားမယ်ဆိုရင် လတ်တစ်လော ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေမှာ မိမိတတ်မြောက်ထား တဲ့ပညာနဲ့  လူတွေရဲ့အသက်တစ်ချောင်းကို ချက်ချင်းကယ်တင်နိုင်မှာဖြစ်သလို လူတိုင်းတတ် မြောက်ထားမယ်ဆိုပါက ကြက်ခြေနီပညာရပ်ကို လက်ဆင့်ကမ်းနိုင်မှာလည်းဖြစ်ပါတယ်၊ ဒါကြောင့် လူကြီး လူငယ်မရွေး သင်တန်းများကို တက်ရောက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး သင်တန်းနည်းပြ ဦးသက်လှိုင်က ပြောသည်။

စည်သူရအောင်(ကျွန်းစု)