မိုးနဲ ဧပြီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းကို မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတို့တွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Hypochlorite ဆေးရည်ဖျန်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးကျော်ကိုကိုသက် ဦးစီး၍ ဝန်ထမ်းများနှင့် ပူးပေါင်းကာ ဆောင်ရွက် ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းအပြင် နွေရာသီရေရှားပါးသော ရပ်ကွက်/ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရေသွားရောက် လှူဒါန်းခြင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ကုသသော သွေးလိုအပ်သူများကိုလည်း မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက စေတနာ့သွေးလှူပေးခဲ့ကြကြောင်းနှင့် နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်ရေး လှည့်လည်စစ်ဆေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)