မရမ်းကုန်း ဧပြီ ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်လျှပ်စစ်ရုံးခန်းမ၌ လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင်မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်ထွန်းက လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေး အတွက် လတ်တလောမလိုအပ်သည့် လျှပ်စစ်ပစ္စည်းများ၏ plug ခေါင်းများကို socket များမှ ဖြုတ်ထားရန်၊ TV၊ အောက်စက် အမျိုးမျိုးနှင့် Computer တို့ကိုအသုံးမပြုသည့်အခါ လျှပ်စစ်ခလုတ်ကိုအပြီး ပိတ်ပါရန်နှင့် Remot Control ဖြင့်သာပိတ်၍ standby mode ဖြင့်ထားသည့်တိုင် လျှပ်စစ်မီတာ တက်နေပါကြောင်း၊ လျှပ်စစ်မီးများကို အလင်းရောင်ရသော အချိန်များတွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်မီးကိုချွေတာစွာ သုံးစွဲသင့်ပါကြောင်း၊ ရိုးရိုးမီးလုံး၊ မီးချောင်းထက် LED မီးလုံး၊ မီးချောင်းများကို ရွေးချယ်အသုံးပြုသင့်ပါကြောင်း အစရှိသဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် ရေကိုခြိုးခြံချွေတာစွာ အသုံးပြုရာတွင် မျက်နှာသစ်စဉ်၊ သွားတိုက်နေစဉ်ရေပိုက် ခေါင်းဖွင့်ထားခြင်းဖြင့် ရေများ ကုန်လွန်ခြင်း၊ အိမ်အတွင်းခြံအတွင်း ရေပိုက်မလုံမှု ရေဘုံဘိုင်ရေစိမ့်မှုများရှိပါက ပြုပြင်ရမည်ဖြစ်ပါကြောင်း ရေစိမ့်မှုကြောင့် ရေတင်ချိန်များလေ မီတာခပိုမိုကုန်ကျမှုဖြစ်စေနိုင်ပါကြောင်း၊ အပေါ်ရေတိုင်ကီရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက် ရပ်စေမည့်စနစ်ကို အသုံးပြုခြင်းဖြင့် ရေကိုချွေတာစွာ သုံးစွဲသင့်ပါကြောင်း အစရှိသည်ဖြင့် ပြောကြားပြီး လျှပ်စစ်မီးအန္တရာယ် မဖြစ်စေရေးအတွက် လျှပ်စစ်ဝါယာကြိုးများကို တတ်ကျွမ်းနားလည်သူများနှင့်သာ တတ်ဆင်အသုံးပြုရန်နှင့် လျှပ်စစ်မီး အသုံးပြုသူများ လိုက်နာဆောင်ရွက်ရန်အချက်များကို ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)