ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသောအသက် (၂)နှစ်အောက်ကလေးငယ်များ (MCCT) အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်

၂၀၂၂ ခုနှစ်၊ ဧပြီလ  ၆ ရက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT)အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို  ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ့်ဆန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်က အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မြင့်မြင့်ဟန်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT)အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေး ပေးအပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

နမ့်ဆန်မြို့နယ်တွင် အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၈၂၀)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ်(၁၂၅၇)ဦးအတွက် ငွေကျပ် (၉၀၅၁၀၀၀၀/-) တိတိ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိသည့်ရပ်ကွက်/ ကျေးရွာများတွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ သေဆုံးမှုနှုန်းလျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေရန်၊ မိသားစုစီးပွားရေး ထိခိုက်မှုလျော့နည်း သက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်းရတနာများ ပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)