သီပေါ ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉ နာရီက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လျှပ်စစ်ကြောင့် ဖြစ်ပွားတတ်သည့် အန္တရာယ် များ၊ လျှပ်စစ်မီးကိုပေါ့ဆစွာ အသုံးပြုမှုကြောင့် မီးဘေးအန္တရာယ်ကျရောက်နိုင်မှုများ၊ အသက်အန္တရာယ်ထိခိုက်နိုင်မှုများ၊ လျှပ်စစ်မီးကို စနစ်တကျ သုံးစွဲရမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုး က လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲရမည့် နည်းလမ်းများ၊ ချွေတာသုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး