နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေး

နောင်ချို ဧပြီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ အသိပညာဗဟုသုတများမျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်း(BookClub)ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်၊ (BookClub)အဖွဲ့ဝင် ဦးတင်အောင်သိန်း၊ (Youth Club)အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က စာရေးဆရာကောင်းမြတ်၏ “ပွင့်သော ပန်းတိုင်း မွှေးစေလို” စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)