ပုံပါကျင် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ မိုင်းဟန်ကျေးရွာအုပ်စုအတွင်း သွားလာရ ခက်ခဲသော တောင်ပေါ် ဒေသများဖြစ်သည့် လွယ်ချီလိတ်ရွာ၊ မလူးလာရွာ၊ ယားခါးရွာနှင့် နားဖယောင်းရွာ နေပြည်သူများထံသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပေးအပ်ပွဲတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှုး ဦးလှအေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးစိုင်းလှမောင်နှင့် မိုင်းဟန်အုပ်ချုပ်ရေးမှူး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက် ခဲ့ပြီး ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးမှ ပြည်သူများအား ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်ဖြင့် မိဘပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှု နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များ အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါရှိသည့် အသက်(၁၆)နှစ်အထက် ပြည်သူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေး ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၀)ကတ်ကို ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးက မိုင်းဟန် ကျေးရွာအုပ်စု လွယ်ချီလိတ်ရွာ၊ မလူးလာရွာ၊ ယားခါးရွာနှင့် နားဖယောင်းရွာရှိ ပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးစိုင်းလှမောင် နှင့်မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းတို့မှ ပြည်သူများ ထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ဖြူနိုင်