ကော့ကရိတ်မြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေ

ကော့ကရိတ် ဧပြီ  ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အပူရှိန်ပြင်းသဖြင့် ယခင်နှစ်များထက် ရေပိုသွင်းရခြင်း၊ ထွန်ယက်ခြင်းနှင့် ပိုးသတ်ဆေးများ ပက်ဖျန်းပေးရပြီး ကုန်ကျ စရိတ်များသည့်အတွက် ဈေးကောင်းရရှိရန်မျှော်လင့်လျက်ရှိကြောင်း ရေကျော်ကြီးကျေးရွာရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက် တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ ပြောင်းစိုက်တောင်သူတွေအနေနဲ့တော့ ပြောင်းကို ပြာသိုလကတည်းက စစိုက်တာ ပေါ့။ ပြောင်းစစိုက်တော့မယ်ဆိုရင် ထွန်နှစ်ပြန်ယက်ရတယ်။ ပြီးမှ မြောင်းပြန်ဖော်ပေးပြီး မျိုးစေ့ ထည့်ပေးရပါတယ်။ ပြောင်းမျိုးကိုတော့ ဒီကော့ကရိတ်မြို့မဈေးမှာဘဲ ဝယ်ယူတာပေါ့။ မျိုးစေ့ အထုပ်တွေကတော့ ဈေးအမျိုးမျိုးရှိတာပေါ့။ ပြောင်းကိုစစိုက်ပြီးပြီဆိုရင် (၃)လလောက်ဆို ရောင်းလို့ရပါပြီး။ ယမန်နှစ်ကတော့ သကြားပြောင်းဖူး တစ်ဖူးကို ငွေကျပ် (၁၀၀)ဘဲ ရတယ်။ ပြောင်းကတော့ သန်တဲ့အပင်မှ ၂ဖူးလောက်ဘဲ ရတယ်။မသန်တဲ့အပင်ဆို (၁)ဖူး ဘဲ ရတယ်။ ယခုနှစ်မှာတော့ ပိုးကျတဲ့အပြင် ရာသီဥတုကလည်း ဖောက်ပြန်မှုရှိတဲ့အတွက် ပြောင်းပင်တွေ ပျက်စီးတာလည်း ရှိတာပေါ့။ ဒါ့အပြင် အပူရှိန်ပြင်းတဲ့အတွက် ယခင်နှစ်များထက် ရေပိုသွင်းရတာ ကြောင့် ကုန်ကျစရိတ်များ များတယ်လေ။ဒါကြောင့် ယခုနှစ်မှာ ပြောင်းဖူးတွေ ယမန်နှစ်ကထက် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်။ ပြောင်းဖူးကိုတော့ ကျွန်တော်တို့ရွာနဲ့ ကော့ကရိတ် မြို့မဈေးကြီးမှာရှိတဲ့ ကျွန်တော်တို့ ဖောက်သည်တွေဆီမှာ ပြန်သွင်းပါတယ်ဟု တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူ ဦးမြဦးက ပြောသည်။

ကော့ကရိတ်မြို့မဈေးကြီးတွင် ရောင်းချလျက်ရှိသည့် ပြောင်းဖူးများမှာ ဒေသထွက် ပြောင်းဖူး အနည်းငယ်သာရှိပြီး  ဘားအံမြို့မှတစ်ဆင့် ဝယ်ယူသည့် ပြောင်းဖူးများကိုသာ  ကော့ကရိတ် မြို့မဈေးကြီးတွင် အဓိကထား ရောင်းချလျက်ရှိပါတယ်ဟု ပြောင်းဖူးရောင်းချလျက်ရှိသည့် ဈေးသည်တစ်ဦးက ပြောကြားသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)