ကျောက်ဆည်မြို့နယ်တွင် မိုးနှောင်းဝါ (၉၀၀၀)ဧကစိုက်ပျိုးပြီး

ကျောက်ဆည် ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးနှောင်းဝါ (၉၀၀၀)ဧက စိုက်ပျိုးပြီးကြောင်းနှင့် ဝါသီးနှံများစိုက်ပျိုးရာတွင် တောင်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် လွန်ကျော်ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သော ဝါမျိုး ကောင်း၊ မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါစိုက်ပျိုးရာတွင်အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော်ကြီး ကျေးရွာအုပ်စု များတွင် (၂၁၂၇)ဧက၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းချော၊ ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၄၀၂၃)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားချောင်း ကျေးရွာအုပ်စုများတွင် (၁၃၄၈)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာ အုပ်စုများတွင် (၁၀၀)ဧက၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၁၄၀၂)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ငွေချည်(၆)၊ ငွေချည်(၈)၊ ငွေချည်(၉)၊ ငွေချည်(၁၁)နှင့် ရွှေတောင်(၁၀) ဝါမျိုးများ အဓိကစိုက်ပျိုးကြကြောင်းနှင့် ဝါတစ်ဧကစိုက်ပျိုးမည်ဆိုပါက ထယ်ရေးပြင်ခြင်းနှင့် ကြားထွန်လိုက်ခြင်း ကုန်ကျစရိတ် အဖြစ်ငွေကျပ် (၄၈၀၀၀)၊  စိုက်ပျိုးခြင်း၊ သားခွဲခြင်း၊ ပေါင်းရှင်း ခြင်း၊ မြေဩဇာပတ်ကျဲခြင်း၊ ဆေးဖျန်းခြင်း၊ ဝါကောက်ခြင်း စသည့် လုပ်အားခအဖြစ် ငွေကျပ်(၃) သိန်းခန့်နှင့် ဝါပင်အတွက်လိုအပ်သည့် ယူရီးယား၊ ကွန်ပေါင်း၊ ပိုတက်၊ ဘိုရွန်၊ ဆာလဖာ၊ ရွှေမီဒါ၊ ကာတာ စသည့်ဆေးကုန်ကျစရိတ်အဖြစ် ငွေကျပ်(၆၀၆၄၅)ကျပ် ကုန်ကျပြီး ဝါတစ်ဧကတွင် မြေအနေထားအလိုက် (၄၀၀)ပိဿာမှ (၆၀၀)ပိဿာ အထိထွက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)