သီပေါမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သီပေါ ဧပြီ ၅

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ယနေ့ နံနက် ၉ နာရီခွဲက  မြို့ပေါ်ရပ်ကွက်ဆေးထိုးစုရပ်နေရာနှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်နေရာများသို့  သွားရောက်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နေ ပြည်သူများအား မြို့လယ်ဓမ္မာရုံ ဆေးထိုးစုရပ်နေရာတွင်လည်းကောင်း၊ ကျေးရွာများတွင် သတ်မှတ်ဆေးထိုး စုရပ်နေရာများတွင်လည်းကောင်း ထိုးနှံ ပေးလျက်ရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးပေးခြင်းများ ဆောင်ရွက်၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဧပြီလ ၇ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ပြီးနောက် ဧပြီလ ၁၈ ရက်နေ့မှစတင်၍ ပြန်လည်ထိုးနှံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ(၁၀၉၅၁၇)ဦး   ရှိသည့်အနက် ယနေ့ နံနက်ပိုင်းအထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ (၈၇၃၁၃)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၄၅၂၆၄)ဦးနှင့် ဆေးထိုးနှံရန် အကျုံးဝင်ပြီး ဆေးလုံးဝ မထိုးနှံရသေးသူ(၂၂၂၀၄)ဦးနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်း (၇၉.၇၂)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

ခင်လေး