တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်-၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက် ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဧပြီ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှအသုံးပြုနေသော နိုင်-၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက်ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အသုံးပြု နေသော နိုင်-၄ မှတ်တမ်းလုပ်ငန်းပမာဏသည် များပြားပြီး သတ်မှတ်ရက်အတွင်း ပြီးစီးရမည်ဖြစ်၍ အစည်းအဝေး ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မှန်ကန်မျှတစွာဖြင့် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီး ကြောင်း၊ မဲစာရင်းဖောင်းပွမှု၊ မပြည်စုံမှု၊ မဲစာရင်းတွင်မပါရှိမှူမဖြစ်ရအောင်နှင့်မဲစာရင်းဆုံးရှုံးမှုမဖြစ်ရ အောင် မဲစာရင်းအားသေချာစွာ ကောက်ယူနိုင်ရေး အဓိကထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မဲစာရင်း ကောက်ယူမှုသည် လွန်ခဲ့သောလများကတည်းက ဆောင်ရွက်နေရသောကြောင့် အချိန်အနည်းငယ် ကြာမြင့်နေပြီဖြစ်ကြောင်း၊ မဲစာရင်းများ ပြုစုသည့် နေရာတွင်နေရာ (၃) နေရာ၌ လူဦးရေစာရင်းများ ပါရှိနိုင်သည့်အတွက် မဲစာရင်းများ စိစစ်နိုင်အောင် စာရင်းဇယားပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စာရင်းဇယားများ ကို အချိန်တိုအတွင်း ပြီးမြောက်အောင် ပြုလုပ်ရမှာဖြစ်သောကြောင့် ဌာနဆိုင်ရာ များအနေဖြင့် စုပေါင်း၍ ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်-၄ သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တာဝန်ဖြစ်သော်လည်း အချိန်တိုအတွင်း ဌာနတစ်ခုတည်း ဆောင်ရွက်၍ မပြီးစီးနိုင်သောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဝိုင်းဝန်းပြီး လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နိုင်-၄ မှတ်တမ်းများအား နည်း ပညာအသုံးပြု၍ အချက်အလက်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာခရိုင်များတွင် သင်တန်းများ ပို့ချပေးသွားမှာဖြစ်ကြောင်းနှင့် ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး အတွင်းရေးမှူး ဦးခင်မောင်ချိုက လူဦးရေစာရင်းရေသွင်းမှုနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)