ရပ်စောက် ဧပြီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပါရှိခြင်းရှိ/မရှိနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ကတ်ပြားရှိ/ မရှိစစ်ဆေးခြင်း တို့ကို ဗထူးစစ်ဆေးရေးဂိတ်နှင့် နောင်ဘိုစစ်ဆေးရေးဂိတ် တို့တွင် နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်ပြီး ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးကြပြီး မြို့နယ်ပြင်ပသို့ ထွက်ခွာပါက နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ အမျိုးသားမှတ်ပုံတင်ကတ် (သုံးခေါက်ချိုး) တို့ကို ခရီးသွားတိုင်း ယူဆောင်သွားကြပါရန် အသိပေးပြောကြားပြီး မှတ်ပုံတင်မပါရှိသည့် ပြည်သူများအား မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိသည့်အခါ လျှောက်ထားနိုင်ရေးအတွက် ကူညီပေးနိုင်ရန် အမည်၊ နေရပ်လိပ်စာ၊ ကိုယ်ရေး အချက်အလက်များ ကောက်ယူခြင်းတို့ကို ဧပြီလ (၁)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေး အတွက် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ/မရှိနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ပါရှိမှုရှိ/မရှိ စစ်ဆေးခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရဲထက်ဦး